Friday, October 25, 2013

မန်လည်ဂိုဏ်းချုပ် နာယကဆရာတော် မွေးနေ့ပွဲကျင်းပ

လေပွေနီ (အင်းတော်)
          စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ် မန်လည်ဂိုဏ်းချုပ် နာယကဆရာတော်ဖြစ်သည့် လယ်ပြင်-သီဘာ သာသနာ့ဝေပုလ္လကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ
ဦးပညာသာမိသည် ၁၃၇၅-ခု ၊ သီတင်းကျွတ်လဆုပ် (၅)ရက် ၊ ကြာသပတေးနေ့တွင် သက်တော် (၇၅)နှစ် ၊ ၀ါတော် (၅၅)၀ါ အရတွင် အဆိုပါရက်နေ့ နံနက် (၆)နာရီအချိန်မှ မွန်းလွှဲ (၂)နာရီအချိန်အထိ ယင်းကျောင်းတိုက် တွင် မွေးနေ့ပွဲကျင်းပခဲ့ကြောင်း သိရသည်။
          ……. မွေးနေ့ပွဲ ကျင်းပတာကတော့ဆရာတော်အတွက် အတော်လေးထူးခြားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆရာတော်ရဲ့ မွေးနေ့ပွဲကျင်းပတဲ့နေ့မှာ နှစ်တိုင်းကျင်းပတာနဲ့တော့ မတူပါဘူး။ ဒီနှစ်ကတော့ မွေးရက် ၊ မွေးလ ၊ မွေးနေ့ပါတိုက်ပါတယ်။ နောက်ပြီးတော့ ဆရာတော်ကြီးရဲ့မွေးနေ့ကို အသံကြားနဲ့ ကြွလာကြတာက ကျွန်တော်တို့ အင်းတော်မြို့နယ် ထဲက သံဃာတွေသာမကဘူး။ ထီးချိုင့်မြို့နယ် မှာရှိတဲ့ ထီးချိုင့်မြောက်ပြင်က သံဃာတွေအချို့လည်း ဆရာတော်ကြီးရဲ့မွေးနေ့ကို ကြွရောက်လကြပြီးတော့ ဆရာတော်ကြီးကို ကန်တော့ ကြတယ်။
အခုလဲ ဆရာတော်ကြီးရဲ့ မွေးနေ့မှာ သံဃာအပါး (၆၀)ကျော် ကြွရောက်ပြီးတော့ အဲ့ဒီနေ့မှာပဲ သံဃာတော်တွေက ဆရာတော်ကြီးကို ကန်တော့ပြီးမှ ပြန်ကြတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ကျေးရွာနှစ်ရွာရဲ့ ဒါယကာ ၊ ဒါယိကာမတွေကိုလည်း ဆရာတော် ကြီးက အဲ့ဒီနေ့မှ သြ၀ါဒပေးသလို ရွာဟောင်းရွာ ၊ ဂဟဲရွာ ၊ မိုးယူငါးရွာက ဒါယကာ ၊ ဒါယိကာမတွေကိုလည်း တရားသြ၀ါဒ မိန့်ကြားခဲ့ပါတယ်။ ဒါကြောင့်မို့ အခုကျင်းပတဲ့ ဆရာတော်ကြီးရဲ့မွေးနေ့ကတော့ လေးကြိမ်မြောက် ရှိပြီဖြစ်ပါတယ် ……. ဟု အင်းတော်မြို့နယ် ၊ လယ်ပြင်ကျေးရွာအုပ်စု ၊ အုပ်ချုပ်ရေးမှူး ဦးရုံးရွှေက ပြောပြခဲ့သည်။
           အဆိုပါ ဆရာတော်ကြီး၏ မွေးနေ့ပွဲကျင်းပသည့်နေရာသို့ အင်းတော်မြို့နယ်သံဃာတော်များနှင့် ထီးချိုင့် မြို့နယ်အတွင်းရှိ သံဃာတော်အချို့ တက်ရောက်ခဲ့ကြပြီး အင်းတော်မြို့ ရှိ သင်္ကန်းအလှူရှင်များနှင့် ဆွမ်းအလှူ ရှင်များ ရွာဟောင်းရွာ ၊ ဂဟဲရွာ ၊ မိုးယူ ငါး ရွာရှိ ဒါယကာ ၊ ဒါယိကာမများနှင့် လယ်ပြင်သီဘာ ၊ ဒါယကာ ၊ ဒါယိကာမများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

No comments:

Post a Comment