Monday, October 14, 2013

မီးရထားအချိန်ဇယား နေ့စဉ် ခန့်မှန်းရေးထားပေးစေလို



(ကိုမင်း-အင်းတော်)
စစ်ကိုင်းတိုင်းဒေသကြီး ၊ အင်းတော်မြို့သည် မြန်မာ့မီးရထားဖြင့် ခရီးသွားလာကြသော ပြည်သူများ နေ့စဉ်
များပြားလျက်ရှိသည့်မြို့ဖြစ်သည်။ ထိုသို့ခရီးသွားများသော အင်းတော်ဘူတာရုံတွင် နေ့စဉ်ရထားဆိုက်ရောက်ချိန်
ထွက်ခွါချိန် ခန့်မှန်းအချိန်ဇယား ပုံသေသာ ရေးသားထားရှိပြီး နေ့စဉ်ရထားဆိုက်ရောက်မည့်အချိန်
ခန့်မှန်းအချိန်ဇယား ရေးသားထားခြင်းမရှိသည့်အတွက် ခရီးသွားပြည်သူများအနေဖြင့် ရထားဆိုက်ရောက်ချိန်
စောင့်ဆိုင်းရန် အခက်အခဲတွေ့နေကြရကြောင်း သိရသည်။
…… ကျွန်တော်တို့ အင်းတော်ဘူတာကနေ မန္တလေး-မြစ်ကြီးနား အစုန်အဆန် (အမှတ်-၅၅-၅၆ ၊ ၅၇-၅၈ ၊ ၄၁-၄၂) အမြန်ရထားများ ရပ်နားတဲ့မြို့ဖြစ်ပါတယ်။ ဒါပေမဲ့ နေ့စဉ် ခန့်မှန်းရထားဆိုက်ရောက်မည့်အချိန် ရေးသား
ထားခြင်းမရှိပါဘူး။ နေ့စဉ် ရထားဆိုက်ရောက်ချိန် ၊ ထွက်ခွါချိန် ဇယားပုံသေရေးသားထားတာပဲ ရှိပါတယ်။
ရုံးခန်းမှာ ရထားခန့်မှန်းချိန် မေးတော့လည်း မဖြေချင်ပါဘူး။ ဒီလိုမဖြေချင်ရင်လည်း ရထားဆိုက်ရောက်မဲ့
အချိန်ဇယား ၊နေ့စဉ်ခန့်မှန်း ရေးပေးထားတဲ့ ၀န်ဆောင်မှုလေးတော့ ပေးသင့်တာပေါ့ဗျာ။ နောက်ပြီး
ပြောချင်တာတစ်ခုက မိမိသွားလိုတဲ့ ရထားလက်မှတ်ပေါ်မှာ အမည် ၊ မှတ်ပုံတင်အမှတ် ၊ တွဲ ၊ ခုံနံပါတ်တွေကို
ရှင်းလင်းပြတ်သားစွာ ရေးသားမှုတွေ မရှိတာတွေကြောင့် ရထားပေါ်မှာ တွဲ ၊ ခုံအတွက် အငြင်းပွားရ
တာတွေလည်း ရှိနေပါတယ် ….. ဟု အောင်ဇေယျရပ်ကွက်နေ ဦးခင်မောင်ကြီး က ပြောပြသည်။

အင်းတော်မြို့တွင် ချွေလှေ့စက်များ အရောင်းသွက်လျက်ရှိ

(သက်နောင်-အင်းတော်)
          စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင် ၊ အင်းတော်မြို့ ၊ ပြည်ထောင်စုလမ်းမကြီး သွားရာ လမ်းဘေးတွင် ချွေလှေ့စက် လုပ်ကိုင်ပြီး ရောင်းချလျက်ရှိနေသော လုပ်ငန်းရှင်များသည် မိုးရာသီ ကုန်ခါနီးနောက်ပိုင်း စပါးရိတ်သိမ်းချိန် နီးပြီဖြစ်သောကြောင့် ချွေလှေ့စက်များမှာ အရောင်းသွက်လျက်ရှိနေကြောင်း သိရသည်။
          ……. အရင်ကတော့ ကျွန်တော်တို့ အင်းတော်မြို့အနီးက မိုးစပါးစိုက်တဲ့ တောင်သူတွေဟာ စပါးရိတ်သိမ်းချိန် နီးကပ်လို့ရှိရင် အင်းတော်မြို့နဲ့ (၈)မိုင် အကွာအဝေးရှိတဲ့ မဲဇာအနီးက အလယ်ဆိပ်ကျေးရွာမှာ သွားဝယ်ရတာဖြစ်ပါတယ်။ ဒါပေမဲ့ အခုရက်ပိုင်းတွေမှာကတော့ အင်းတော်မြို့ထဲမှာလည်း စပါးချွေလှေ့စက် လုပ်ကိုင်ပြီး ရောင်းချနေတဲ့ တွင်ခုံတွေရှိနေတော့ ကျွန်တော်တို့ စပါးစိုက်တောင်သူတွေအနေနဲ့ ဝေးဝေးလံလံ သွားပြီးမှ မ၀ယ်ရတော့ဘူး။ မြို့ထဲမှာပဲ ကိုယ်ကြိုက်တဲ့ဟာကို ရွေးချယ်ပြီးမှ ၀ယ်ယူလို့ရပြီဖြစ်ပါတယ်။ အခုလို စပါးချွေလှေ့စက်လုပ်တဲ့ တွင်ခုံတွေ ပေါလာတော့ ကျွန်တော်တို့ တောင်သူတွေအတွက်လည်း အဆင်ပြေပါတယ်…….. ဟု အင်းတော်မြို့ခံ တောင်သူတစ်ဦးက ပြောပြခဲ့သည်။
          အဆိုပါ အင်းတော်မြို့နယ်အတွင်းတွင်ရှိသော မိုးစပါးစိုက်ပျိုး လုပ်ကိုင်နေကြသည့် တောင်သူလယ်သမား များသည် ယခင်ကာလများက မိမိအသုံးလိုသော စပါးချွေလှေ့စက်များကို ၀ယ်ယူသည့်အခါအများတွင် အင်းတော်မြို့နှင့် (၈)မိုင်အကွာအဝေးရှိတဲ့ အလယ်ဆိပ်ကျေးရွာတွင် ၀ယ်ယူမှု ပြုပြီး အသုံးပြုကာ လုပ်ကိုင်ခဲ့ကြသော်လည်း ယခုအခါတွင် အင်းတော်မြို့ထဲတွင် ၀ယ်ယူသုံးစွဲ ရနိုင်ပြီဖြစ်သောကြောင့် စပါးစိုက်ပျိုးသည့် တောင်သူလယ်သမားများအနေဖြင့် စိတ်ကြိုက်ရွေးချယ်ကာ ၀ယ်ယူလို့ရရှိနိုင်ကြောင်း သိရသည်။
          …….. ကျွန်တော်တို့ စပါးချွေလှေ့စက်တွေကို ရောင်းချနေတာကတော့ ချွေလှေ့စက်တစ်လုံးလျှင် ငွေ (၁၈)သိန်းခွဲ ကျပ်နဲ့ ရောင်းချပါတယ်။ ကျွန်တော်တို့ ရောင်းချတဲ့ ပစ္စည်းကို ကြိုက်မကြိုက်ကတော့ ၀ယ်ယူအသုံးပြုနေတဲ့ တောင်သူတွေအပေါ်မှာ မူတည်ပါတယ်။ ကြိုက်ရင်ကြိုက်သလို ရောင်းပေးပါတယ်။ မကြိုက်တဲ့သူကိုတော့ ကျွန်တော်တို့ ရောင်းစရာမလိုပါဘူး။ ကြိုက်ပြီတဲ့ဆိုရင်တော့ ကျွန်တော်တို့ ဆိုင်မှာ အချိန် မရွေး ၀ယ်ယူလို့ရပါတယ်။ ရောင်းရတာကတော့ တစ်လလျှင် တစ်ခါတစ်လေလည်း ချွေလှေ့စက် (၅)လုံးအထိ ရောင်းရတဲ့လလဲ ရှိတယ်။ အချို့လတွေ ကျပြန်တော့လည်း တစ်လုံးနှစ်လုံးပဲ ရောင်းရတယ်။ ဒါပေမဲ့ အခုကတော့ စပါးရိတ်သိမ်းချိန် နီးပြီဖြစ်သောကြောင့် ချွေလှေ့စက်ဝယ်ယူမဲ့ တောင်သူတွေ အတော်များများက တော့ ကျွန်တော်တို့ရဲ့ဆိုင်မှာ မှာထားတာတွေ ရှိပါတယ် …… ဟု အင်းတော်မြို့ ပြည်ထောင်စုလမ်းမကြီးအနီး ချွေလှေ့စက်လုပ်ကိုင်ပြီး ရောင်းချနေသည့် ဆိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။
          အင်းတော်မြို့တွင်းတွင် စပါးချွေလှေ့စက်များကို လုပ်ကိုင်ပြီးမှ ယခုအခါအတွင် တွင်တွင်ကျယ်ကျယ် ရောင်းချလျက်ရှိရာ၌ အရောင်းသွက်လျက်ရှိနေကြကြောင်းသိရသည်။