လေပွေနီ (အင်းတော်)
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ မန်လည် အ-ထ-က (ခွဲ)ကျောင်းတွင် ၂၀၁၃- ခုနှစ် ၊ နိုဝင်ဘာလ (၁)ရက် ၊ နံနက် (၁၀)နာရီ မှ ( ၁၂)နာရီအချိန်အထိ မူးယစ်ဆေးဝါးနှင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ပညာပေးများ ကျောင်းသူ/ကျောင်းသားများကို ဟောပြောခဲ့ကြကြောင်းသိရသည်။
ယင်းဟောပြောပွဲသို့ အင်းတော်မြို့နယ် မူးယစ်ဆေးဝါးပပျောက်ရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးဆန်နီ ၊ ရန်ကုန်မြို့ ၊ နာရေးကူညီမှုအသင်း ဒုတိယဥက္ကဋ္ဌ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ၊ အင်းတော်မြို့နယ် မူးယစ်ဆေးဝါးပပျောက်ရေး အထောက်အကူပြုကော်မတီဝင် ဆရာမကြီး ဒေါက်တာဒေါ်ပြုံးနှင့် ကော်မတီဝင်များ မြို့နယ်ဒုတိယပညာရေးမှူး ဦးကျော်လွင်နှင့် မန်လည် အ-ထ-က(ခွဲ)ရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသားကျောင်းသူများ စုစုပေါင်း ၇၈၀ ကျော် တက်ရောက် ခဲ့ကြကြောင်း သိရသည်။
……. အခမ်းအနားဖြစ်မြောက်ရေးအတွက် ဘက်ပေါင်းစုံက ကူညီဆောင်ရွက်ပေးခဲ့ကြသော မန်လည် အ-ထ-က(ခွဲ) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ ၊ မန်လည်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ဟောပြောပွဲဖြစ်မြောက်အောင် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့တဲ့ ရန်ကုန်မြို့ နာရေးကူညီမှုအသင်း ဒုတိယ ဥက္ကဋ္ဌ စာရေးဆရာမကြီး ဒေါ်သန်းမြင့်အောင်နှင့် အင်းတော်မြို့နယ် အထောက်အကူပြုကော်မတီဝင် ဆရာမ ဒေါက်တာ ဒေါ်ပြုံးတို့နှင့်အတူ တက်ရောက်လာကြတဲ့ ကျေးရွာအတွင်းရှိ ရွာသူ ၊ ရွာသားများကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ပြီးတော့ ကျောင်းသူ ၊ ကျောင်းသားများဖြစ်တဲ့ မောင်မယ်လေးတွေကိုလည်း အထူးပဲကျေးဇူးတင်တယ်။ အခုလို မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့ လာပြောရတဲ့အကြောင်းလေးကတော့ သားတို့သမီးတို့ သိစေချင်လို့ လာပြောရခြင်းဖြစ်ပါတယ်။ ဘာကြောင့်လာပြောရသလဲလို့ သားတို့သမီးတို့က ဆင်ခြေပေးစရာလေးတွေ ရှိမယ်။ မှန်ပါတယ်။ တကယ်တော့ သားတို့သမီးတို့ဟာ ယနေ့အချိန်မှာ မူးယစ်ဆေးဝါး ဘိန်းမဲ ဘိန်းဖြူတွေနဲ့ ပါဝင် ပါတ်သက်မှုမရှိဘူးဆိုတာလည်း ယုံကြည်ပါတယ်။ နောက်ပြီးမသုံးစွဲဘူး ဆိုတာလည်း ယုံကြည်ပါတယ်။ ဒါပေမဲ့လည်း သားတို့သမီးတို့အရွယ်ဟာ လက်တည့်စမ်းချင်တဲ့အရွယ်ဖြစ်လို့ အခြားသူတစ်ဦးက ဖျားယောင်းသွေး ဆောင်ပြီးတော့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်မိမှာစိုးလို့ လာရောက်ဟောပြောရခြင်းဖြစ်ပါတယ်။ အခုအချိန်မှာတော့ သားတို့သမီးတို့ဟာ ငယ်ရွယ်တဲ့ ကျောင်းသားလူငယ်လေးတွေ ဖြစ်နေတာ မှန်ပေမဲ့ နောင် သုံးနှစ်လောက်ကျရင် အရွယ်ရောက်လာတဲ့ ပညာတတ်တွေဖြစ်လာကြတော့မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးမှ လုံးဝမပတ်သက်ဖို့ရာ ပြောချင်ပါတယ်…… ဟု အင်းတော်မြို့နယ် မူးယစ်ဆေးဝါး ပပျောက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးဆန်နီက ပြောကြားခဲ့သည်။
ယင်းဟောပြောပွဲသို့ ကျင်းပပြုလုပ်ရာတွင် ရန်ကုန်မြို့ရှိ စာရေးဆရာမကြီး ဒေါ်သန်းမြင့်အောင်က လူငယ် နှင့်ပညာပေး ခေါင်းစဉ်များဖြင့်လည်းကောင်း ၊ မူးယစ်ဆေးဝါးဆိုင်ရာများကို ကျောင်းသားကျောင်းသူလေးများနှင့် ကင်းဝေးစေရေးအတွက် ဟောပြောခဲ့ကြသလို ဒုတိယ ပညာရေးမှူး ဦးကျော်လွင် အင်းတော်မြို့နယ် ၊ အထောက် အကူပြု ကော်မတီဝင် ဒေါက်တာဒေါ်ပြုံး ၊ အထောက်အကူပြုကော်မတီဝင် ဦးနေစိုးအောင်တို့က ကျောင်းသူ ကျောင်းသားများ ၊ မူးယစ်ဆေးဝါး ကင်းဝေးစေရေးအတွက် အသီးသီးဟောပြောခဲ့ကြကြောင်း သိရသည်။

No comments:
Post a Comment